International News

ဂျပန်ရှိ အသေးစားနှင့်အလတ်စား စီးပွားရေးလုပ်ငန်းများအတွက် လုပ်ငန်းနေရာ ငှားရမ်းခများ လျှော့ချပေးနိုင်ရန် ဆောင်ရွက်နေကြောင်း (METI) ဝန်ကြီးပြောကြား

Last Updated:

ဂျပန်နိုင်ငံ၊ စီးပွားရေး၊ ကုန်သွယ်ရေးနှင့် စက်မှု၀န်ကြီးဌာန (METI) ၏ ၀န်ကြီး ဟီရိုရှီကာဂျီယာမာသည် ဇူလိုင်လ ၇ ရက်နေ့တွင် ပြုလုပ်ခဲ့သည့် သတင်းစာ ရှင်းလင်းပွဲ တွင် ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါကူးစက်ပြန့်ပွားနေမှုကြောင့် အသေးစားနှင့်အလတ်စား စီးပွားရေးလုပ်ငန်းများအတွက် ပံ့ပိုးမှုတစ်ခုအနေဖြင့် နေရာငှားရမ်းခ ထောက်ပံ့ကြေးငွေအတွက် ဇူလိုင်လ ၁၄ ရက်နေ့မှစ၍ လျှောက်လွှာများကို စတင်လက်ခံမည်ဖြစ်ကြောင်း ထုတ်ဖော်ပြေကြားခဲ့ပါသည်။

လျှောက်လွှာတင်သွင်းရမည့် နောက်ဆုံးရက်သည်  ၂၀၂၁ ခုနှစ် ဇန်နဝါရီလ ၁၅ ရက် နေ့အထိဖြစ်ပြီး၊  ထောက်ပံ့ကြေးငွေအား ၆ လစာကို တစ်ပြိုင်တည်း ဘဏ်မှ လွှဲပြောင်းပေးမည် ဖြစ်ကြောင်းသိရပါသည်။ ကော်ပိုရေးရှင်းလုပ်ငန်းများအတွက် အများဆုံး ယန်း ၆ သန်း၊ တစ်ဉီးတည်းပိုင် လုပ်ငန်းရှင်များအတွက် ယန်း ၃ သန်း စီ ထောက်ပံ့ပေးမည်ဖြစ်ကြောင်း သိရပါသည်။

ဤထောက်ပံ့ကြေးငွေသည် ယခုနှစ် မေလမှ ဒီဇင်ဘာလအထိ  ရောင်းအားသည် ယခင်နှစ် နှင့်အလားတူ ကာလနှင့် နှိုင်းယှဉ်လျှင် တစ်ဝက်ခန့် ကျဆင်းသွားသည့် လုပ်ငန်းများ (သို့မဟုတ်) သုံးလဆက်တိုက်ရောင်းအားသည် စုစုပေါင်း၏ ၃၀% နှင့်အထက် လျော့နည်းသွားသည့် လုပ်ငန်း များအတွက် ပံ့ပိုးပေးမည်ဖြစ်ပါသည်။

လျှောက်လွှာများကို သတ်မှတ်ပေးထားသည့် အင်တာနက်၀က်ဘ်ဆိုက်မှ တစ်ဆင့်လျှောက်ထားနိုင်ပြီး၊ ငှားရမ်းခြင်းစာချုပ်နှင့် ဘဏ်ချလံအသေးစိတ်ကဲ့သို့သော အထောက်အထားပြ စာရွက်စာတမ်းများ လိုအပ်ကြောင်း သိရပါသည်။

 

(မြန်မာစီးပွားရေးသံမှူး၊ ဂျပန်နိုင်ငံ)

 

Category: International News